Cloud Computing ခေတ်ထဲက OS များ

Cloud computing ဆိုတာဟာ ကွန်ပျူတာနဲ့ပတ်သက်ပြီး လုပ်ရတဲ့လုပ်ငန်းစတာတွေကို online နဲ့ချိတ်ဆက်ပြီးလုပ်တဲ့ လုပ်ငန်းစဉ်ကိုခေါ်ပါတယ်။ ဒီနေ့ခေတ် ကွန်ပျူတာတစ်လုံးသုံးမယ်ဆိုရင် ကျွန်တော်တို့ဟာ Operating System (OS) တစ်ခုကို စက်ထဲထည့်ထားရမယ်။ စက်လည်ပတ်လုပ်ဆောင်မှုစနစ်လို့ခေါ်ကြတဲ့ OS ဟာ Windows ဖြစ်နိုင်သလို Linux ဒါမှမဟုတ် Mac တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ပြီးရင် ကိုယ့်ရဲ့လိုအပ်ချက်ကိုလိုက်ပြီး အသုံးချဆော့ဖ်ဝဲ (Application Software) အမျိုးမျိုးကို ထည့်သွင်းရပါတယ်။ ကိုယ်သုံးတဲ့ OS နဲ့ကိုက်ညီမယ့်ဆော့ဖ်ဝဲကို ထည့်သွင်းရတာဖြစ်ပါတယ်။ နမူနာပြရရင် Microsoft Office လိုဟာမျိုးဟာ Windows စနစ်အတွက် တစ်မျိုးရေးဆွဲရပြီး Mac အတွက်တစ်မျိုး သပ်သပ်ရေးဆွဲရပါတယ်။ ကိုယ့်စက်ရဲ့ OS က အထိုက်အလျောက်ဈေးကြီးသလို အသုံးချ ဆော့ဖ်ဝဲတွေကလည်း လူသုံးနည်းရင်နည်းသလောက် ဈေးကြီးလှပါတယ်။ ဒါတွေကို တော်လှန်ပြောင်းလဲဖို့ကြိုးစားလာတာက Cloud Computing ပါပဲ။ Cloud Computing လို့ခေါ်တဲ့ Online ပေါ်မှာ ကွန်ပျူတာလုပ်ငန်းစနစ်ကိုစပြီး အကောင်အထည်ဖော်သူဟာ google ကုမ္ပဏီဖြစ်ပါတယ်။ ဘယ် OS ကိုပဲသုံးသုံး Cloud ထဲဝင်လာလို့ရပါတယ်။ Browser လို့လူအများသိကြတဲ့ Firefox, Chrome, Safari စတာတစ်မျိုးမျိုးကိုသုံးပြီး သက်ဆိုင်ရာလိပ်စာကိုသာ ချိတ်ဆက်ဝင်လာခဲ့ပါ။ Cloud လို့ခေါ်တဲ့ Online ကွန်ပျူတာရုံးခန်းထဲကို ရောက်ပါပြီ။ ကျွန်တော်တို့လုပ်ချင်တဲ့ လုပ်ငန်းအမျိုးအစားကိုလိုက်ပြီး လိုအပ်မယ့်ဆော့ဖ်ဝဲပေါင်းစုံ အဲ့ဒီနေရာမှာရှိနေပါတယ်။ တချို့ကို အခမဲ့စနစ်နဲ့ရနိုင်ပြီး တချို့ကို အခပေးစနစ်နဲ့သုံးစွဲရပါမယ်။ အခပေးစနစ်ဆိုသည့်တိုင် ဆော့ဖ်ဝဲတစ်ခုကို ၀ယ်သုံးရတာထက်စာရင် အများကြီး ဈေးသက်သာနေပါသေးတယ်။ Version အသစ်ထွက်ရင် အသစ်ထပ်ပြီးဝယ်ရတဲ့ဒုက္ခ၊ update အသစ်ထွက်ရင် download ဆွဲပြီးထည့်သွင်းပေးရတဲ့ ဒုက္ခတွေကိုလည်း ကင်းဝေးသွားစေပါတယ်။ ကိုယ့်ကွန်ပျူတာထဲမှာ အသုံးချဆော့ဖ်ဝဲတွေ တစ်ပုံတစ်ပင်ထည့်ထားဖို့ မလိုတော့တဲ့အတွက် စက်လေးတာကိုလည်း သက်သာသွားပါတယ်။ လူတွေဟာ တစ်နေ့တခြား အင်တာနက်ကို ပိုပြီးသုံးလာတယ်။ online ပေါ်မှာ တွေ့ဆုံဆက်သွယ်မှုတွေ ပိုပြီးများလာတယ်ဆိုတဲ့ အချက်အပေါ်အခြေပြုပြီး google က cloud ဆိုတဲ့ ကစားကွင်းအသစ်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ မူလတုန်းက google ဟာ ရှာဖွေရေးစနစ် (Search Engine) တစ်ခုသာဖြစ်ပြီး သူ့မှာ OS လည်းမရှိ ဆော့ဖ်ဝဲလည်း မရှိပါဘူး။ ဆော့ဖ်ဝဲနယ်ပယ်ထဲ ၀င်လာမယ်ဆိုပြန်တော့လည်း အသာကျပြီးသား Microsoft နဲ့ Apple တို့ကို တန်းတူရည်တူ ယှဉ်ပြိုင်နိုင်ဖို့မလွယ်ပါဘူး။ ဒါကြောင့်လည်း Cloud ဆိုတဲ့ ပြိုင်ဆိုင်မှုနယ်မြေအသစ် တစ်ခုဖန်တီးခဲ့ရတာပါ။ Google ရဲ့မဟာဗျူဟာက ဆော့ဖ်ဝဲတွေကို အခမဲ့ဒါမှမဟုတ် ဈေးသက်သက်သာသာနဲ့ သုံးစွဲနိုင်ရေး ဖြစ်ပါတယ်။ ကုန်ကျစရိတ်သက်သာချင်တဲ့လူတွေရဲ့ လိုဘကိုအခြေပြုပြီး ထူထောင်တာမို့ Cloud စနစ်စပြီးအောင်မြင်လာပါတယ်။ Google ရဲ့နောက်မှာ ကျန်နေမှာစိုးတဲ့အတွက် Microsoft ကအစ Apple အဆုံး Cloud နယ်ပယ်ထဲ ၀င်လာကြရပါတယ်။ Cloud ဟာ ကွန်ပျူတာလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရုံသာမကပါ ဘူး။ ကိုယ့်ရဲ့ data တွေကို လုံလုံခြုံခြုံနဲ့ များများစားစားသိမ်းဆည်းနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ၀န်ဆောင်မှုပေးသူရဲ့ Server ထဲမှာကိုယ့် data တွေကိုသိမ်းဆည်းပေးတဲ့အပြင် လုံခြုံရေးကိစ္စကိုပါ တာဝန်ယူပေးတာမို့ ခေါင်းလည်းပေါ့သွားစေပါတယ်။ ဆော့ဖ်ဝဲကို တခြားနိုင်ငံတွေမှာ လိုင်စင်ကြေးပေးပြီး သုံးစွဲရတာမို့ ကွန်ပျူတာတစ်လုံးစီအတွက် သီးခြားလိုင်စင်ကြေးတွေ ပေးရပါတယ်။ လူတစ်ဦးချင်းစီအတွက် မသိသာပေမယ့် ကွန်ပျူတာတွေ ရာနဲ့ချီပြီးအသုံးပြုရတဲ့ လုပ်ငန်းကြီးတွေအတွက်တော့ စရိတ်ထောင်းလှပါတယ်။ Version အသစ်ထပ်ထွက်ရင် ထပ်ကုန်သလို အဲဒါအတွက် ၀န်ထမ်းလေ့ကျင့်စရိတ်တွေလည်း ကုန်ကျပါတယ်။ Version အသစ်က hardware အသစ်တောင်းဆိုချက်ရှိလာရင် စက်တွေကိုအသစ်လဲတန်လဲ၊ အဆင့်မြှင့်တန်တာမြှင့်ရတာမို့ ကုန်ကျစရိတ်ကတိုးလာပြန်ပါတယ်။ များပြားလှတဲ့ data တွေကို ကုမ္ပဏီပိုင် server တွေမှာ သိုလှောင်ရတဲ့စရိတ် အဲဒီလုပ်ငန်းစဉ်အတွက် ကျွမ်းကျင်အိုင်တီဝန်ထမ်း ခန့်ထားရတဲ့စရိတ်တွေကလည်း မသေးလှပါဘူး။ ဒါတွေကနေ သက်သာရာသက်သာကြောင်း စဉ်းစားလိုက်တော့ Cloud ဟာ ထွက်ပေါက်တစ်ခုဖြစ်လာပါတယ်။ Cloud ဟာ Virtualization လို့ခေါ်တဲ့ ပုံစံတူပြုနည်းပညာကိုသုံးစွဲထားတာပါ။ သူ့ရဲ့အဆုံးစွန်သောရည်မှန်းချက်က OS ကိုမှီခိုရခြင်းမရှိဘဲ Cloud ကို သုံးစွဲနိုင်စေရမယ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါကလည်း ဖြစ်နိုင်ပါတယ်။ Windows တက်စရာမလိုပဲ (၅) စက္ကန့်အတွင်း online ထဲသို့ဝင်ရောက်နိုင်စေရမယ်ဆိုတဲ့ motherboard စနစ်ကြော်ငြာတွေကို စာရှုသူတို့ တွေ့ဖူးချင်တွေ့ဖူးကြမှာပါ။ တကယ်လည်း အဲဒီ motherboard တွေသုံးပြီး အင်တာနက်ချိတ်ရင် Windows ကတစ်ဆင့် ၀င်ဖို့မလိုပါဘူး။ Online ၀င်ဖို့ပင်မ OS တစ်ခုခုမလိုအပ်တော့ဘူးဆိုတဲ့ အခြေအနေဟာ အနာဂတ်ကာလ Cloud သုံးစွဲဖို့အတွက် OS တွေ လိုပါဦးမလားဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ လတ်တလော Cloud သုံးစွဲနေကြတဲ့ အိုင်တီပညာရှင်တွေကို အင်တာဗျူးလုပ်ကြည့်တော့ ကွန်ပျူတာအလုပ်တွေလုပ်တဲ့နေရာမှာ OS ကိုထည့်စဉ်းစားဖို့ မလိုဖူးဆိုတဲ့အဖြေကို သဘောမတူတဲ့လူက (၆၂) ရာခိုင်နှုန်းရှိနေပါတယ်။ မိမိနှစ်သက်ရာ Application Software ကို အသုံးပြုနိုင်ရေးမှာ OS ဟာ အခရာကျနေဦးမှာပဲလို့ သူတို့ကဆိုပါတယ်။ သီးခြားပြုလုပ်ခဲ့တဲ့ အင်တာဗျူးပရော့ဂျက်တစ်ခုမှာတော့ OS ကို ထည့်သွင်းစဉ်းစားဖို့မလိုဘူးဆိုတဲ့ အခြေအနေဟာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ ထင်မြင်ချက်ပေးသူ (၃၅) ရာခိုင်နှုန်းရှိပါတယ်။ (၃၀) ရာခိုင်နှုန်းသော အိုင်တီပညာရှင်တွေကတော့ OS အပေါ် လုံးလုံးလျားလျား အမှီအခိုကင်းတဲ့ဘ၀ရောက်ဖို့ ငါးနှစ်ထက်မနည်း အချိန်ယူရဦးမှာဖြစ်တယ်လို့ ထင်မြင်ချက်ပေးပါတယ်။ တစ်ခါဝယ်ရင် OS လိုင်စင် ရာနဲ့ထောင်နဲ့ချီပြီးဝယ်နေရတဲ့ ကုမ္ပဏီကြီးတွေ လုပ်ငန်းဌာနကြီးတွေကရော ဘယ်လိုသဘောရှိမှာပါဘဲ။ လုပ်ငန်းကြီးတွေအနေနဲ့ ဘယ် OS ကိုသုံးစွဲမလဲဆိုတာကို ဆုံးဖြတ်တဲ့အခါ အချက်ကြီးလေးချက်အပေါ်အခြေပြုပြီး စဉ်းစားကြရပါတယ်။ အဲဒါတွေက (၁) ဘယ်လို hardware မျိုးသုံးမှာလဲ (၂) အဲဒီ hardware မျိုးပေါ်မှာဘယ်လို Application Software တွေသုံးစွဲလို့ရနိုင်မလဲ (၃) ကွန်ပျူတာနဲ့ တကယ်တမ်းအလုပ်လုပ်ရမယ့် end user တွေရဲ့ အခြေအနေကဘယ်လိုလဲ (၄) ကိုယ်သုံးမယ့် OS အတွက် Application Developer တွေရဲ့ အခြေအနေကဘယ်လိုလဲ စတဲ့အချက်တွေ ဖြစ်ပါတယ်။ လုပ်ငန်းကြီးတွေရဲ့ Desktop ကွန်ပျူတာအတွက်ဆိုရင် Windows, iOS ဒါမှမဟုတ် Linux မူကွဲတစ်မျိုးမျိုးကို ရွေးချယ်နိုင်ပါတယ်။ Server တွေအတွက် Linux ဒါမှမဟုတ် Windows ကိုသုံးစွဲနိုင်ပါတယ်။ ကွန်ပျူတာတင်မကပါဘူး။ အဲဒီမှာ လာရောက်ချိတ်ဆက်မယ့် Printer တို့ Scanner တို့လို peripheral device တွေအတွက်လည်း OS ကိစ္စကိုထည့်ပြီး စဉ်းစားရပါတယ်။ အခုအချိန်မှာ လုပ်ငန်းကြီးတွေအနေနဲ့ အသုံးပြုမယ့် application နဲ့လုပ်ငန်းအမျိုးအစားကိုလိုက်ပြီး OS ကိုရွေးချယ်သုံးစွဲခဲ့ကြပါပြီ။ OS နဲ့ application အတွဲအဖက်ကိုလည်း အသားကျနေပါပြီ။ ဒါပေမဲ့ Cloud စနစ်မှာပါဝင်လာတဲ့ html 5 ဟာ ဘယ်လို OS မှာမဆို သုံးစွဲနိုင်စေမယ့် application ကိုထုတ်လုပ်မယ်လို့ ကတိပေးလာပါတယ်။ တကယ်တမ်းသာ ဖြစ်လာမယ်ဆိုရင် မိမိသုံးစွဲနေတဲ့ OS နဲ့ လိုက်လျောညီထွေရှိမယ့် Application ကိုပြောင်းသုံးဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ OS ကိုပြောင်းသုံးဖို့ဆိုတဲ့ကိစ္စဟာ အင်တာနက်ပေါ်သာ တက်လာခဲ့ပါ။ အလလားသုံးရပါစေမယ့်ဆိုတာတောင် မလွယ်ပါဘူး။ ပထမအချက်က OS ပြောင်းလိုက်တာနဲ့ သုံးစွဲသူဟာ အရာရာကို အသစ်ကစပြီးလေ့လာရပါတော့မယ်။ လေ့လာသင်ကြားမှုအတွက် အထောက်အပံ့ပေးရရင် ကုန်ကျစရိတ်တက်လာပါမယ်။ လေ့လာသင်ယူနေစဉ်ကာလအတွင်းမှာ ထုတ်လုပ်မှုစွမ်းအား (အလုပ်လုပ်နိုင်စွမ်း) ကျပါမယ်။ ယာယီထိခိုက်မှုဆိုပေမယ့် တစ်ရက်လောက်ရပ်ထားဖို့တောင် မဖြစ်နိုင်တဲ့ လုပ်ငန်းကြီးတွေအတွက်တော့ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပါတယ်။ ယေဘုယျသဘောပြောရရင် OS တစ်ခုကို သုံးစွဲတယ်ဆိုတဲ့ကိစ္စမှာ ဖိုင်တွေကို ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတဲ့ကိစ္စ တိတိကျကျရှိတယ်။ hardware တွေအတွက် device driver တွေတိတိကျကျရှိတယ်။ Memory ကိုစနစ်တကျသုံးစွဲဖို့ Kernal ဆိုတဲ့စနစ် တိတိကျကျရှိတယ်။ Security (data လုံခြုံမှုနဲ့ dataaccess ခွင့်ပြုမှုနှစ်မျိုးစလုံး) ပိုင်းမှာ တိကျသေချာစွာ စီမံခန့်ခွဲနိုင်တဲ့စနစ်ရှိတယ်။ ပြီးတော့ အသုံးပြုရတာ တတ်နိုင်သမျှလွယ်အောင်စီစဉ်ပေးထားတဲ့ user interface လည်းရှိပါတယ်။ ဒီလိုအရည်အချင်းတွေပါတဲ့ သမားရိုးကျ OS တစ်ခုကနေ လုံးဝဖောက်ထွက်လာတဲ့ Cloud ကို အခရာကျတဲ့နေရာမှာရှိနေပါဦးမယ်။ ဒါ့အပြင် processor hard disk နဲ့ရှုပ်ထွေးလှတဲ့ System component အမျိုးမျိုးကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ပြီး စနစ်မှာလာရောက်ချိတ်ဆက်မယ့် Application အမျိုးမျိုး၊ အသုံးပြုမယ့် user အမျိုးမျိုးအတွက် အဆင်ပြေအောင်လုပ်ပေးနိုင်တဲ့ အရည်အချင်းကလည်း OS တွေမှာ ရှိနေပါတယ်။ Virtual OS နဲ့ Cloud ဟာ ဒီအရည်အသွေးတွေကို ပုံစံတစ်မျိုးနဲ့ ပီပီပြင်ပြင်ဖော်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ အခုဆောင်ရွက်နေတဲ့ Virtualisation စနစ်မှာ သူ့ကိုအထောက်အပံ့ပြုတဲ့ OS က hardware ကိုမမှီခိုအောင် တတ်နိုင်သမျှ ကြိုးစားနေပါတယ်။ အတိုင်းအတာတစ်ခုထိ အောင်မြင်နေပြီဆိုတာ Windows စနစ်ပေါ်မှာ Mac သုံးနိုင်တာကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် အနာဂတ်ကာလမှာ OS ရဲ့အရေးပါမှုကို အတိုင်းအတာတစ်ခုထိတော့ လျှော့ချနိုင်ပါလိမ့်မယ်။ Browser ဖွင့်ပြီး cloud ပေါ်တက်သုံးရတဲ့ virtual application တွေဟာ OS တွေရဲ့ သမားရိုးကျတည်ဆောက်ပုံကို အပြီးတိုင် ပြောင်းလဲခဲ့ပြီဆိုတာကတော့ သေချာပါတယ်။ ဒါပေမဲ့တကယ့် OS တစ်ခုမှာရှိတဲ့ Component တွေ၊ Accessibility တွေ၊ Usability နဲ့ Interface တွေကို လုံးလုံးလျားလျား အသွင်ပြောင်းနိုင်မလားဆိုတဲ့ ကိစ္စမှာ Cloud ရဲ့နုနယ်သေးတဲ့သက်တမ်းကြောင့် အဆုံးအဖြတ်ပေးရမှာ စောလွန်းနေပါသေးတယ်။


Powered by Internet journal

No comments:

Post a Comment