Anti Virus and Spyware အကြောင်း

ကွန်ပျုတာကို ယခုမှ စတင် အသုံးပြုတတ်ကာစ သူတစ်ဦး ဖြစ်စေ၊ ကာလရှည်ကြာစွာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်နေသူ တစ်ဦး ဖြစ်စေ ကျွန်တော်တို အနေဖြင့် ကွန်ပျုတာနှင့် အင်တာနက်ကို အသုံးပြုကြသည့် အခါတွင် စိတ်ချလက်ချ ဘေးရန်ကင်းရှင်းစွာဖြင့် အသုံးပြုနိုင်ရန်မှာ အထူးအရေးကြီးပါတယ်။ယခုခေတ်၊ ယခုအခါကဲ့သို့ နေရာတကာတွင် ဗိုင်းရပ်စ်(Virus)၊ ထရိုဂျန်(Trojan) စသည့် ကွန်ပျုတာများနှင့် ကွန်ပျုတာ အသုံးပြုသူများကို အချိန်မရွေး၊ နေရာမရွေး စိတ်အနှောင့်အယှက် ပေးနိုင်သော၊ ဒုက္ခပေးနိုင်သော ဘေးရန် များလွန်းသည့် အခြေအနေတွင် ကွန်ပျုတာကို စိတ်အေးလက်အေး အသုံးပြုနိုင်ရန်မှာ -
အင်တာနက် ချိတ်ဆက်မှုကို ရပ်တန့်ထားကာ၊ မည်သည့် ဆော့ဖ်ဝဲ ပရိုဂရမ်၊ မည်သည့် မှတ်ဥာဏ်ပစ္စည်း (Memory Device)ကိုမျှ ကွန်ပျုတာအတွင်း တပ်ဆင်အသုံးပြုမှု မပြုဘဲနေခြင်းများကသာ အကောင်းဆုံး ဖြစ်တော့မည်ဟု ထင်မှတ်ရသည့် အခြေအနေ ဖြစ်လာသည်။ထိုကဲ့သို့နေလျှင်လည်း ရကောင်း ရနိုင်ဖွယ်ရာ ရှိပါသည်။ သို့သော် အင်တာနက်ကိုလည်း အသုံးမပျက် အသုံးပြုရင်း၊ နှစ်သက် သဘောကျသည့် ဆော့ဖ်ဝဲ ပရိုရမ် အသစ်အဆန်းများကိုလည်းကွန်ပျုတာအတွင်းတပ်ဆင်စမ်းသပ်အသုံးပြုရင်း၊ ဘေးကင်းရန်ကင်းလည်း
နထိုင်နိုင်သည့် နည်းလမ်းများ ရှိမည်ဆိုပါက - ထိုနည်းလမ်းများကို အသုံးပြုခြင်းက ပိုကောင်းမည် မဟုတ်ပါလား။
ကျွန်တော်တို့ အနေဖြင့် -
1. အကာအကွယ်ပေးသည့် ဆော့ဖ်ဝဲများကိုလည်း ကွန်ပျုတာတွင် ထည့်သွင်းတပ်ဆင် ထားမည်။
2. ကွန်ပျုတာ အသုံးပြုသည့်အခါ လိုက်နာရမည့် ဆောင်ရန်၊ရှောင်ရန် အလေ့အကျင့်ကောင်းများ ကိုလည်း လေ့လာ မှတ်သားထားမည်။
3. အရေးအကြီးဆုံး အချက်တစ်ခု အနေဖြင့် အခြေအနေတစ်ရပ်ကို ကောင်းမွန်စွာ သုံးသပ် ဆုံးဖြတ်တတ်သော အလေ့အကျင့်ကောင်းလည်း ရှိနေမည် ဆိုလျှင်
ကျွန်တော်တို့၏ Daily Computing Life) မှာ ပိုမို နှစ်သက်ပျော်ရွှင်ဖွယ်ရာ ဖြစ်လာပေမည်။
ကျွန်တော်တို့၏ နေ့တဓူဝ ကွန်ပျုတာနှင့်အင်တာနက် အသုံးပြုမှုများတွင် စိတ်ချလက်ချ ဘေးရန်ကင်းရှင်းစွာ နေထိုင် အသုံးပြုနိုင်သော အခြေအနေကို ရရှိနေစေရန်အတွက် မဖြစ်မနေ ဆောင်ရွက်ထားရမည့် အနည်းဆုံး လုပ်ဆောင်ဖွယ်ရာများနှင့် ပိုမို ပြည့်စုံသည့် လုပ်ဆောင်ဖွယ်ရာများကို အောက်တွင် စုစည်း ဖော်ပြထားပါသည်။
(၁) ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများတပ်ဆင်ရန်လိုအပ်သည်။ ထိုမျှမက ဗိုင်းရပ်စ်အမျိုးအစားသစ်များမှာ နေ့စဉ် ထွက်ပေါ်နေသည့် အတွက် တပ်ဆင်ထားသည့် ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲမှာလည်း ၎င်းဗိုင်းရပ်စ်များကို အချိန်နှင့်အမျှ အစဉ်အမြဲ သိနေစေရန် (Update) လုပ်ထားရမည်။ ကွန်ပျူတာကို ပုံမှန်စစ်ဆေးခြင်း၊ ခရီးဆောင်မှတ်ဥာဏ်ပစ္စည်း (Memory Stick, Pen Drive စသည်) များ တပ်ဆင်သည့်အခါတိုင်းတွင် ဗိုင်းရပ်စ်စစ်ဆေးပြီးမှ အသုံးပြုခြင်းများ ဆောင်ရွက်ဖို့ လိုအပ်သည်။ အင်တာနက်မှ ဖြတ်သန်းရောက်ရှိလာ သော စာ (email) များ၊ စာတို (message) များ၊ အင်တာနက်လိပ်စာ (link) များကို စနစ်တကျ စစ်ဆေးပြီးမှ ဖတ်ရှုဖို့လိုသည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းများ မရှိလျှင်တော့ ကျွန်တော်တို့၏ ကွန်ပျူတာတွင် ဗိုင်းရပ်စ် ၀င်ရောက် အနှောင့်အယှက်ပေးမည်မှာ သေချာပေါက်ပင် ဖြစ်သည်။
(၂) စပိုင်ကာကွယ်ရေးဆော့ဖ်ဝဲ (Antispyware) ကို အမြဲ Update လုပ်ပါ။ စပိုင်ကာကွယ်ရေးဆော့ဖ်ဝဲများသည် ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများတွင် ပါဝင်ပြီးသား ဖြစ်လေ့ရှိသည်။ ၄င်းကို အမြဲတမ်း Update လုပ်ထားဖို့လိုသည်။ ၄င်းဆော့ဖ်ဝဲဖြင့် မကြာခဏဆိုသလို ကွန်ပျူတာကို စစ်ဆေးပေးရမည်။ စပိုင်ကာကွယ်ရေးဆော့ဖ်ဝဲများကို နှစ်မျိုးသုံးမျိုးခန့်အထိ ထည့်သွင်းထားနိုင်သည်။ ဥပမာ Windows Vista တွင် စပိုင်ကာကွယ်ရေးအတွက် (Windows Defender) ပါရှိလာပြီးဖြစ်သော်လည်း - Spy Sweeper, Spybot စသည့် အခြားဆော့ဖ်ဝဲများကိုလည်း ထည့်သွင်းထားနိုင်သည်။ အရေးကြီးသည်မှာ ထည့်သွင်းထားသည့် အကာအကွယ်ဆော့ဖ်ဝဲများကို အမြဲတမ်း Update ဖြစ်နေအောင် ပြုလုပ်ထားရန်ပင် ဖြစ်သည်။
(၃) Firewall များဖြင့် ကွန်ပျူတာကို အကာအကွယ်ပေးထားပါ။ ကျွန်တော်တို့၏ ကွန်ပျူတာအတွင်းသို့ ၀င်ရောက်လာသော အချက်အလက်များ (Inbound Data) ၊ ကွန်ပျူတာအတွင်းမှ ပြန်လည်ပေးပို့လိုက်သော အချက်အလက်များ (Outbound Data) သွားလာစီးဆင်းရာ လမ်းကြောင်းအနေအထား (Traffic) များကို Bidirectional Firewall များက စောင့်ကြည့် စစ်ဆေးပေးလေ့ ရှိကြသည်။ ပန်းသီးကွန်ပျူတာများရှိ Mac OS နှင့် Windows Vista တို့တွင်ပါရှိသော Firewall များမှာ Bidirectional အမျိုးအစားများ ဖြစ်ကြသည်။ အကယ်၍ Windows XP နှင့် အခြားသော ၀င်းဒိုးစနစ်ဟောင်းများကို သုံးနေဆဲဖြစ်ပါက ZoneAlarm ကဲ့သို့သော Firewall များကို ထည့်သွင်းတပ်ဆင်ထားရန် လိုအပ်ပေသည်။
(၄) Firewall များနှင့်ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများကို တစ်ခုထက်ပို၍ ထည့်သွင်းထားခြင်းမျိုး မပြုလုပ်ပါနှင့်။ အပြင်လောကတွင် မီးခံသေတ္တာနှစ်ထပ်ဖြင့် အဖိုးတန်ပစ္စည်းများ ထည့်သွင်း ထားရှိခြင်းသည် ပိုမိုစိတ်ချရသည့် အခြေအနေမျိုးကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော်လည်း ကွန်ပျူတာစနစ်တစ်ခုအတွင်း Firewall ဆော့ဖ်ဝဲနှစ်မျိုးကို တပ်ဆင်အသုံးပြုပါက အကာအကွယ်နှစ်ဆ တိုးမလာတော့ဘဲ၊ တစ်ခုနှင့်တစ်ခု အပြန်အလှန် အနှောင့်အယှက် ပေးကာ စိတ်ညစ်စရာ နှစ်ဆတိုးလာနိုင်မည် ဖြစ်သည်။ ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများ ကိုလည်း နှစ်မျိုးမသုံးပါနှင့်။ တစ်မျိုးတည်း ကိုသာ တပ်ဆင်ပါ။ (စပိုင်ကာကွယ်ရေး ဆော့ဖ်ဝဲများကိုတော့ တစ်ခုမက တပ်ဆင် အသုံးပြုနိုင်ပါသည်)။
(၅) ကွန်ပျူတာ စနစ်များ၏ "နောက်ဆုံး အခြေအနေနှင့် ကိုက်ညီစေရန် အချိန်နှင့်တပြေးညီ အလိုအလျောက် ဖြည့်ဆည်းမှု" (Automatic Updates) စနစ်များကို ခွင့်ပြုထားပါ။ ကွန်ပျူတာစနစ်များကို အဓိကထုတ်လုပ်သည့် အဖွဲ့အစည်းနှစ်ခုဖြစ်သည့် Microsoft နှင့် Apple တို့သည် ၄င်းတို့ ရှာဖွေတွေ့ရှိသမျှ "စနစ်၏ လုံခြုံရေးဆိုင်ရာ လစ်ဟာချက်များ" (Security Holes) ကို ပုံမှန်ဖြည့်ဆည်းပေးနေလေ့ ရှိကြသည့် အတွက် Windows နှင့် Mac OS တို့၏ အခါအားလျော်စွာ (လိုအပ်သလို) Update ပြုလုပ်ခြင်းများကို တားဆီးမထားပါနှင့်။ Auto Update ပြုလုပ်ပါစေ။
(၆) EXE ဖိုင်များကို အလွယ်တကူ လက်မခံပါနှင့်။ . exe,.com, .bat နှင့် .scr တို့ဖြင့် အဆုံးသတ်လေ့ ရှိသော၊ လုပ်ငန်း တစ်စုံတစ်ရာကို ဆောင်ရွက်ပေးနိုင်သည့် (Executable) ဖိုင်များကို အင်တာနက်မှ ဒေါင်းလုဒ်ရယူကာ အသုံးပြုရသည့် ကိစ္စမှာ ရှောင်လွှဲရန် ခက်ခဲပေသည်။ သို့သော်လည်း မသိဘူး၊ မမြင်ဘူးသူများထံမှဖြစ်စေ၊ Forward ပြုလုပ်လိုက်သော အီးမေးလ်များမှ ဖြစ်စေ ရောက်ရှိလာသည့် Executable ဖိုင်များကိုတော့ သတိထားရန် လိုသည်။ အလားတူပင် .doc နှင့် .xls စသည့် Microsoft Word နှင့် Excel ဖိုင်များသည်လည်း Macro ဗိုင်းရပ်စ်များကို သယ်ဆောင်လာနိုင်သည့် အတွက် သတိပြုစစ်ဆေးရန် လိုအပ်သည်။
(၇) မိမိဆက်သွယ်နေသည့် လမ်းကြောင်းကို တိကျစွာ သတ်မှတ်ထားရှိပါ။ အကယ်၍ သင်သည် Broadband အမျိုးအစား အင်တာနက် ဆက်သွယ်မှုကို ရရှိ အသုံးပြုနေသူ ဖြစ်သော်လည်း Router တပ်ဆင်ထားခြင်း မရှိပါက Router တစ်ခု ၀ယ်ယူတပ်ဆင်အသုံးပြုပါ။ ကြိုးရှိ Router ဖြစ်စေ၊ ကြိုးမဲ့ Router ဖြစ်စေ အသုံးပြုနိုင်သည်။
(၈) Hardware Firewall ကို အကာအကွယ် ယူထားပါ။ သင်၏ Router သည် "ကွန်ရက်လိပ်စာ ဘာသာပြန်ဆို ပြောင်းလဲမှု" NAT (Network Address Translation) ကို အထောက်အပံ့ ပေးနိုင်ရမည်။ ထို့ကြောင့် သင်၏ ကွန်ပျူတာမှ ပွင့်နေသော Port များကို ရှာဖွေကာ အန္တရာယ်ပေးလာမည့်၊ အင်တာနက်မှ မသမာသူများ၏ ဘေးရန်ကို ကာကွယ်မှု ရရှိစေမည်။ ၄င်း Firewall သည် ဆက်သွယ်ရေး လမ်းကြောင်းများကို ကောင်းမွန်စွာရရှိစေရန် အထောက်အကူ ပြုနိုင်သော SPT (Stateful Packet Inspection) ကိုလည်း အထောက်အပံ့ ပေးနိုင်ရမည်။ ထို့ကြောင့် သင်၏ Hardware Firewall မှ အဆိုပါ အင်္ဂါရပ်များကို ဖွင့်ထားပါ။

No comments:

Post a Comment